လိင်စိတ်ဆန္ဒ လျော့နည်းလာတာ ဒီအချက်တွေကြောင့်များလား
အသက်ကြီးလာပြီဆိုရင် ခန္ဓာကိုယ်ရဲ့ ဟော်မုန်းထုတ်လုပ်မှု နည်းသွားတာကြောင့် အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ ငယ်စဉ်ကလောက် လိင်စိတ်မရှိတော့တာ၊ လိင်မှုကိစ္စအပေါ် စိတ်ပါဝင်စားမှု နည်းလာတဲ့ ပြဿနာတွေ မကြာခဏ ကြုံတွေ့ရတာ ဓမ္မတာပါပဲ။ များသောအားဖြင့် အသက်ကြီးခြင်း၊ ရုပ်ခန္ဓာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ ခံစားနေရခြင်း၊ အမျိုးသမီးများ သွေးဆုံးခြင်း စတဲ့ အကြောင်းရင်းတွေဟာ လိင်စိတ်နည်းလာစေတဲ့ အဓိကပြဿနာတွေပါပဲ။
ဒါဆို လူသိနည်းတဲ့၊ သိပ်ပြီးဖြစ်လေ့ဖြစ်ထမရှိတဲ့ အကြောင်းရင်းတွေက ဘာတွေဖြစ်မလဲ။
၁။ အချစ်ရေးရာ ပြဿနာများ - မကြာခဏ ကိုယ့်ချစ်သူနဲ့ စကားများ၊ ရန်ဖြစ်နေရတာ၊ သဝန်တိုနေရတာ၊ စိတ်မချဖြစ်တာ၊ သဘောထားမတိုက်ဆိုင်မှုကြောင့် ပဋိပက္ခများလာတဲ့အခါ စိတ်ပိုညစ်ရသလို လိင်မှုကိစ္စအပေါ် အာရုံစိုက်နိုင်မှု နည်းသွားတတ်ပါတယ်။
၂။ ကိုယ်ဝန်ဆောင်နေခြင်း - အမျိုးသမီးတော်တော်များများဟာ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ ဟော်မုန်းအပြောင်းအလဲ၊ စိုးရိမ်ပူပန်မှုများခြင်း၊ ကျန်းမာရေးကို အရင်ကထက် ပိုဂရုစိုက်ရခြင်း စတဲ့အကြောင်းရင်းတွေကြောင့် လိင်မှုကိစ္စအပေါ် မေ့မေ့လျော့လျော့ ဖြစ်သွားတတ်ပါတယ်။ အချို့သောအမျိုးသမီးတွေမှာတော့ ဆန့်ကျင်ဘက်အနေနဲ့ ကိုယ်ဝန်ဆောင်နေချိန်မှ လိင်စိတ်ပိုတက်ကြွလာတာမျိုးလည်း ရှိပါတယ်။
၃။ တားဆေးသောက်နေရခြင်း - မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်ဖို့ တားဆေးတွေကို နေ့စဉ်ပုံမှန်သောက်နေရတဲ့အခါ သူ့ရဲ့ Side Effect တွေထဲက တစ်ခုဖြစ်တဲ့ လိင်စိတ်ဆန္ဒနည်းပါးခြင်း ပြဿနာကို ခံစားရနိုင်ပါတယ်။ များသောအားဖြင့် ဆေးအကြိမ်ရေ များလာတဲ့အခါ၊ ဆေးပြောင်းလိုက်တဲ့အခါ သို့မဟုတ် ဆေးရပ်လိုက်တဲ့အခါမျိုးမှာ လိင်စိတ်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားနိုင်ပါတယ်။
၄။ လိင်အင်္ဂါနဲ့ ဆက်စပ်ပြဿနာများ - ယောက်ျားလေးများ လိင်တံထောင်မတ်နိုင်မှု ကျဆင်းတာ၊ မိန်းကလေးများ မိန်းမကိုယ်ခြောက်သွေ့တာ၊ အဖြူဆင်းတာ၊ ဆီးလမ်းကြောင်းပိုးဝင်တာ၊ ဆီးစပ်အောင့်တာ အစရှိတဲ့ ပြဿနာတွေ ခံစားလာရတဲ့အခါ စိုးရိမ်ပူပန်မှုများပြီး လိင်စိတ်နည်းသွားတတ်ပါတယ်။
၅။ အချို့သော ရောဂါသောက်ဆေးများ စွဲသောက်နေရခြင်း - သွေးတိုးကျဆေး၊ ဆီးချိုကျဆေး၊ စိတ်ရောဂါကုသဆေး၊ စိတ်ငြိမ်ဆေးများ၊ ကင်ဆာဆေးများ သောက်နေရတဲ့အခါ၊ ခွဲစိတ်ကုသမှု ခံယူနေရတာ၊ ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသမှုခံနေရတဲ့အခါ ဘေးထွက်ဆိုးကျိုးအနေနဲ့ လိင်စိတ်နည်းပါးခြင်း ပြဿနာကို ခံစားရနိုင်ပါတယ်။
အကယ်လို့ ကိုယ်က အသက် ၄၀ အောက်အရွယ်ဖြစ်ပြီး အရင်ကထက် လိင်စိတ်နည်းလာတယ်လို့ သံသယရှိတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး ဆွေးနွေးကုသမှုခံယူသင့်ပါတယ်။
ရဲမျိုးမြတ်